Friday, December 29, 2006

တိုင်ရဲသေးလားကွ

-၁-

“သူကြီးမင်းခင်ဗျား။ ကျွန်တော် သူကြီးမင်းကို တိုင်စရာရှိလို့ပါ။ ”
ရွာသားတစ်ဦးက ရွာသူကြီးဆိုသူထံ လာရောက်တိုင်ကြားလေသည်။
“ဘာများလဲကွ။”
သူကြီးမင်းက မေးသည်။
“သူကြီးမင်းတာဝန်ပေးထားတဲ့ ကိုကြံ့ကြီးနဲ့ ကိုဖွတ်ကြီးပေါ့။ ကျွန်တော်တို့ကို ပိုက်ဆံတွေလိမ်ကောက်ပြီး သုံးပြစ်တယ်လေ။ အဲဒီအတွက် သူကြီးမင်း တစ်ခုခုစီစဉ်ပေးပါ။”
သူကြီးဆိုသူက အေးအေးဆေးဆေးပင် ပြန်မေးသည်။
“သူတို့က ဘာတွေများ လုပ်လို့လဲဟ။”
“ကျွန်တော်တို့ရွာလုံခြုံရေးအတွက် ရွာလမ်းတွေမှာ မီးရှိရမယ်ဆိုပြီး အဲဒီအတွက် တစ်အိမ်ကို ၅ ထောင် မထည့်မနေရထည့်လိုက်ရပါတယ်။ ”
ရွာသားကဖြေသည်။ သူကြီးကလည်း
“ဟ...အဲဒါကောင်းတာပဲ။ ဘာဖြစ်လို့လဲ။”
“ဒါပေမယ့် ခုထိဘာမီးမှလည်းမရဘူး။ မှောင်နေလျှက်ပါပဲဗျာ။”
ရွာသားကစိတ်ပျက်လက်ပျက်ပြန်ပြောလေသည်။ သူကြီးက ဖြေရှင်းသည်။
“အော်....အဲဒါက သူတို့စီစဉ်နေတာ မပြီးသေးလို့နေမှာပေါ့ကွာ။”
ရွာသားက တစ်ခွန်းပဲပြန်ပြောသည်။
“စီစဉ်တာက တစ်နှစ်ကျော်နေပြီဗျာ။ အဲဒီလောက်ကြာသင့်လား။”
သူကြီးကလည်းတစ်ခွန်းပဲပြန်ပြောသည်။
“အေးပါကွာ။ အစဉ်ပြေအောင် စီစဉ်ပေးပါ့မယ်။”

သိပ်မကြာသောအချိန်တွင် ထိုတိုင်ကြားသောရွာသားမှာ သူကြီး၏အမိန့်ဖြင့် ထိပ်တုံးတစ်လ အခတ်ခံရလေ၏။ အကြောင်းမှာ မှောင်ရိပ်ခိုမှုကြောင့်ဖြစ်သည်။

-၂-

“သူကြီး။ သူကြီး။”
ရွာသားတစ်ဦး သူကြီးအိမ်သို့ရောက်လာသည်။
“သူကြီးခိုင်းထားတဲ့ ဦးရဲကြီးလေ။ ရွာသားတွေဆီက လာဘ်စားတာများနေပြီ။”
ရွာသားက သူ့မကျေနပ်ချက်ကိုပြောသည်။ သူကြီးက ကွမ်းတစ်ဖတ်ကို ကောက်ငုံရင်းပြန်မေးသည်။
“ဘာတွေများစားလို့လဲ။ ပြောပါဦး။”
ရွာသားက ပြောပြလေသည်။
“ရွာထိပ်က အရက်ပုန်းဆိုင်ကို လစဉ်ကြေးယူပြီးတော့ မသိချင်ယောက်ဆောင်နေတယ်။ တောင်ပိုင်းက ဒေါ်ပုကို လမ်းပေါ်မှာအကြော်ရောင်းလို့ဆိုပြီး
ဆိုင်ပိတ်ခိုင်းတယ်။ လစဉ်ကြေးပေးပါ့မယ်ဆိုတော့ ရတယ်။ ပြန်ရောင်းတဲ့။ အများကြီးရှိသေးတယ်။”
သူကြီးကစိတ်မရှည်သောလေသံဖြင့်
“အေးကွာ။ ဟုတ်လားမဟုတ်လား ငါစုံစမ်းပေးမယ်။”

သိပ်မကြာသောကာလတွင် ထိုလာတိုင်သော ရွာသားမှာလည်း ထိပ်တုံးတစ်လ ခတ်ခံရပြန်သည်။ အမှုမှာ ဦးရဲကြီးဆိုသူအား အသရေဖျက်မှုကြောင့်ဖြစ်သည်။

-၃-

သူကြီးအိမ်ရှေ့ရှိ ဆိုင်းဘုတ်ကြီးမှာလည်း ခံ့ခံ့ငြားငြား ဆက်လက်ရပ်တည်လျှက်။
“မကျေနပ်သည်များကို လာရောက်တိုင်ကြားနိုင်ပါသည်။”

Monday, November 06, 2006

ကမ္ဘာကျော်အိပ်မက်(၂)

ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏။ အားလုံးမှာ စကားတစ်ခွန်းမှမပြောနိုင်လောက်အောင်ရှိနေကြသည်။
"ဒုံး ဒုံး ဒုံး"
တိတ်ဆိတ်မှုကို ကျွန်ုပ်ကဖြိုခွဲလိုက်သည်။ လူအများအားလုံး၏အာရုံမှာ ကျွန်ုပ်ထံသို့ ရောက်ရှိနေသည်။ ကျွန်ုပ်သည် တရားသူကြီးထိုင်သောထိုင်ခုံပေါ်တွင်ထိုင်ရင်း
တရားခံကို မေးလိုက်သည်။
"ခင်ဗျားလုပ်ခဲ့တဲ့ပစ်မှုတွေကို ခင်ဗျားသိလား။ အခုဝန်ခံလိုက်ပါ။"
ဆက်ဒမ်ဟူစိန် ဆိုသောသူက ကျွန်ုပ်၏အမေးကိုပြန်ဖြေသည်။
“ကျုပ်ဘာများလုပ်လို့လဲ။”
“ခင်ဗျားလူပေါင်းတစ်ရာကျော်ကိုအစုလိုက်အပြုံလိုက်သတ်ပစ်ခဲ့တယ်။ အဲဒီအတွက်ခင်ဗျားကိုအပစ်ပေးရလိမ့်မယ်။”
“ဒုံး ဒုံး ဒုံး”
လူအားလုံးမှာ ကျွန်ုပ်၏အမိန့်ကို စိတ်ဝင်စားစွာ စောင့်ဆိုင်းနေကြသည်။
“အမိန့်။ တရားခံမှာ အပြစ်ရှိကြောင်းထင်ရှားသည့်အတွက် ကြိုးမိန့်ပေးစေ။”
လူအများ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
“ကျုပ်ကို သေဒဏ်ပေးရလောက်အောင် ကျုပ်ပြစ်မှုက ဘာကြီးကျယ်လို့လဲ။ ကျုပ်ထက်အဆပေါင်းများစွာကြီးမားတဲ့ ပြစ်မှုတွေလုပ်နေတဲ့သူတွေကတော့
ခုထိဘာမှပြစ်ဒဏ်မခံရပါလား။”
“ဒီလောက်လူပေါင်းများစွာကို သတ်လာတာကြီးမားတဲ့ပြစ်မှုကြီးပေါ့။ ဒီထက်ကြီးတာ ဘာရှိသေးလို့လဲ။”
“ရှိတာပေါ့။ ကျုပ်သတ်တယ်ဆိုတာ ရာဂဏန်းပဲရှိတာ။ ကျုပ်ကြောင့်လူတွေအသက်ပဲသေတာ။ လူပေါင်းများစွာကို အသက်မသေခင်မှာ ဘ၀တွေသေသွားအောင်သတ်နေတဲ့လူတွေကိုတော့ ခင်ဗျားကဘာမှအပြစ်မပေးဘူး။ ဒါဘယ်တရားမလဲ။ အဲဒီလူတွေကိုအပြစ်ပေးပြီးမှ ကျုပ်ကိုအပြစ်ပေးပါ။”

“ဒုံး ဒုံး ဒုံး”
နားထဲသို့ ပြင်းထန်စွာဝင်ရောက်လာသောအသံကြောင့် မျက်လုံးများပွင့်လာသည်။ အိပ်မက်မက်နေပြန်ပြီကိုး။ အိပ်မက်ထဲမှပုဂ္ဂိုလ်၏စကားများကို စဉ်းစားရင်း ထိုည အိပ်၍မပျော်နိုင်တော့ပါ။

လင်းရိပ်ဝေ - ၂၀၀၆ - နိုဝင်ဘာ

Tuesday, September 26, 2006

ကမ္ဘာကျော်အိပ်မက်

လူတစ်ယောက် ရွာတစ်ရွာသို့ရောက်လာသည်။ ထိုရွာသည် လေးဘက်လေးလံကို စည်းရိုးများကာထားကာ ရွာထဲသို့အ၀င်အထွက်လုပ်ရန်မှာ
ဝင်ပေါက်တစ်ပေါက်သာရှိလေ၏။ ထိုလူလည်းရွာထဲသို့သွားရန် ၀င်ပေါက်ထိပ်သို့အရောက်တွင် လူတစ်ချို့က
“ဒီမယ် နောင်ကြီး။ ဘယ်ကိုသွားမှာလဲ။”
ဟုမေး၏။
“ဒီရွာထဲမှာ လူတစ်ချို့ အတော်နေမကောင်းထိုင်မကောင်းဖြစ်နေတယ်လို့ ပြောကြတယ်။ အဲဒီအတွက်ကျုပ်လာတာပါ။ ကျုပ်က ဆေးဆရာတစ်ယောက်ပါ။”
ထိုလူကဖြေသည်။
“မလိုပါဘူး။ ကျုပ်တို့ရွာမှာ ဆေးဆရာကောင်းတွေ အများကြီးရှိပါတယ်။ အပင်ပန်းမခံပါနဲ့။”
လူများကပြော၏။
ထိုလူကပြန်ပြောသည်။
“ကျုပ်က အခမဲ့ကုပေးနေတဲ့ဆေးဆရာပါ။ နောင်ကြီးတို့ကို အခမဲ့ကုသပေးဖို့လာခဲ့တာပါ။”
ထိုလူက အတန်တန်ပြောသော်လည်း ၀င်ခွင့်မရသဖြင့် ပြန်သွားရလေ၏။
ရွာထဲမှ ကြေးစည်သံတချို့။ ရွာထိပ်ရှိ သုဘရာဇာကြီးမှာ အလုပ်များလျှက်။

လူတစ်ယောက် ရွာထိပ်တံခါးဝသို့ ရောက်လာပြန်သည်။ ထိုသူလည်းမေးမြန်းခြင်းခံရပြန်၏။
ထိုသူလည်းပြန်ဖြေသည်။
“ကျုပ်ဒီကဘုန်းကြီးကျောင်းမှာ အလှူလာလုပ်ချင်လို့ပါ။”
လူများကပြောသည်။
“ဘုန်းကြီးကျောင်းမှာ နေ့တိုင်းထမင်းရည်ချောင်းစီးအလှူကြီးတွေလုပ်နေလို့ မအားဘူး။ တခြားမှာသွားလုပ်ပါ။”
ထိုသူလည်း ၀င်ခွင့်မရသဖြင့် ပြန်သွားရပြန်သည်။
သက်ပြင်းချသံ။ ပိန်ချုံးနေသော အသက်ရှုသံများနှင့်။
ထမင်းရည်များလည်း အရောင်းသွက်စာရင်းဝင်လျှက်။

ရုတ်တရက်လန့်နိုးလာ၏။ ရွာမရောက်ဖြစ်တာလည်း အတော်ကြာခဲ့ပြီပဲ။ ပြန်အိပ်ဖြစ်အောင်ကြိုးစားလိုက်သည်။ အာရုံထဲမှာတော့ဝိုးတ၀ါးနှင့်။ ဘ၀တွေကို ဘ၀လိုဖြတ်သန်းခွင့်မရသော အသက်ရှူသည့် သက်မဲ့များ။

Saturday, September 23, 2006

လေလွင့်နေသောဘ၀နုနုလေးများ

ကောလိပ်ကျောင်းတစ်ကျောင်းသို့ လူကြီးတစ်ဦးနှင့် ပေါင်းအပါများ လာရောက်လည်ပတ်လေသည်။ ထိုကျောင်းကိုလှည့်ပတ်ကြည့်ရှုရင်း လိုအပ်သည်များကို မေးမြန်းလေသည်။ မည်သည့်အရာများ ကျောင်းတွင်လိုအပ်သနည်းဟု မေးလေ၏။ ကျောင်းမှတာဝန်ရှိသူများသည် အားလုံးအဆင်ပြေပါသည်။ လိုအပ်သည်များမရှိပါဟု ဖြေကြသည်။ ထိုအချိန် ဆရာတစ်ဦးသည် လိုအပ်သည်များရှိပါသည်။ ကျောင်းတွင် ကွန်ပျူတာဆိုသော အရာများမရှိပါ။ လိုအပ်နေပါသည်ဟု ပြောလေ၏။ ကျန်သော ဆရာများနှင့်ကျောင်းအုပ်ကြီးဆိုသော ပုဂ္ဂိုလ်တို့မှာ ရုတ်တရက်လန့်ကာသွားသည်။ ထိုဆရာအားကြိတ်ကာ ၀ိုင်းပြောလေသည်။ ထိုသို့မပြောရန် ငြိမ်ငြိမ်နေရန် ၀ိုင်းပြော၏။ ထိုလူကြီးက မေးသည်။ အရေအတွက်မည်မျှလိုအပ်သနည်းဟု။ ထိုဆရာက အရေအတွက် ၅၀ လိုပါသည်ဟုပြန်ပြောသည်။ ကျန်သူများ၏မျက်လုံးများ ပြူးကာလာ၏။ ဤလောက်များပြားသောအရေအတွက်ကို ဘာလို့တောင်းရသနည်းဟု ပြောကြပြန်သည်။ လူကြီးက ရစေမည်ဟုပြော၍ လိုအပ်သည်များကိုမှာကြားကာ ပြန်သွားသည်။ မကြာမီတွင် ထိုကျောင်းသို့ ကွန်ပျူတာ ဆိုသောအရာများ ရောက်လာလေသည်။ အရေအတွက်မှာ ၄၀ မပြည့်ပါ။

ထိုကျောင်းတွင် ကွန်ပျူတာဆိုင်ရာဘာသာရပ်ကို သင်ယူနေသောကျောင်းသားများမှာ ၄၀ မကပါ။ ထိုအရာများမရှိပါက မည်သို့ရှေ့ဆက်မည်နည်း။ မျှော်ကြည့်လိုက်လျှင် ဘာမှမမြင်နိုင်လောက်အောင် မှုန်ဝါးနေသော ပန်းတိုင်များ။

ပုံပြင်လေးတစ်ပုဒ်ကိုသတိရမိသည်။
“ကျွန်မ ဘယ်လမ်းကိုသွားရမှာလဲရှင်”
ကောင်မလေးတစ်ယောက်က ကြောင်ကြီးကို မေးခြင်းဖြစ်သည်။
ကြောင်ကြီးက
“မင်းကဘယ်ကိုသွားမှာလဲ” ဟုမေးသည်။
ကောင်မလေးက
“ဘယ်ကိုပဲရောက်ရောက်ပါ” ဟုဖြေသည်။
ကြောင်ကြီးကလည်းဖြေပါသည်။
“ဒါဆိုလည်းသွားချင်တဲ့လမ်းသာသွားပေါ့ကွယ်”။

ဘ၀နုနုလေးများသည် ရောက်ချင်တဲ့နေရာရောက် သွားချင်တဲ့နေရာသွားနေကြရပါသည်။

လင်းရိပ်ဝေ - ၂၀၀၆ - စက်တင်ဘာလ

Monday, August 28, 2006

စည်းကမ်း ၂

ဘော်ဒါဆောင်တစ်ခုသည် အင်မတန်တင်းကြပ်သောအမိန့် (စည်းကမ်းဟုသူတို့ကနာမည်တပ်ကြသည်) များကိုထုတ်ထားသည်။ ကျောင်းသားမိဘများက ထိုဘော်ဒါကို များစွာအထင်ကြီးကြ၏။ သူတို့၏သားသမီးများကို ထိုဘော်ဒါတွင် တက်ခွင့်ရရန် ငွေများစွာအကုန်ခံ၍ ကြိုးစားကြသည်။ ထိုဘော်ဒါကိုအုပ်ချုပ်သူမှာ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများကို မည်သည့်ပုံစံဖြင့် ကိုင်တွယ်သည်ကို ပြောစရာပင်လိုမည်မထင်ပါ။
ကျောင်းသားများသည် နာရီကိုကြည့်၍ လုပ်ကိုင်ကြရသည်။ နံနက်တွင် အိပ်ရာထချိန်မှာ ၅ နာရီဖြစ်၏။ အိပ်ရာသိမ်းချိန်နှင့် မျက်နှာသစ်သွားတိုက်ချိန်မှာ ၁၅ မိနစ်သတ်မှတ်ထားသည်။ ကျောင်းသားများသည် ထိုအမိန့် (စည်းကမ်း) အတိုင်း လိုက်နာကြရသည်။ မလိုက်နာပါက ဒဏ်ပေးခံရမည်။ ထိုကျောင်းတွင် စာအလွန်တော်သော ကျောင်းသူတစ်ယောက်ရှိသည်။ ဆရာများကလည်း ထိုကျောင်းသူကို တော်တော်အားကိုးပုံရ၏။ ထိုကျောင်းသူသာ အမှတ်ကောင်းကောင်းဖြင့်အောင်ပါက သူတို့ကျောင်းအတွက် နာမည်ကောင်းရလိမ့်မည်။
တစ်နေ့တွင် ထိုကျောင်းသူသည် ဆရာများ၏အပြစ်ပေးမှုကိုခံရလေသည်။ ကျောင်းသားများ အိမ်သာတက်လိုလျှင် ဆရာကအပြင်တွင်စောင့်နေသည်။ အချိန် ၃ မိနစ်ထက်မပိုရ။ ထိုကျောင်းသူသည် ၃ မိနစ်ထက် အနည်းငယ်ကျော်မှ အပြင်ထွက်လာ၍အပြစ်ပေးခံရခြင်းဖြစ်သည်။ ထိုကျောင်းသူလည်း တခြားဘော်ဒါတစ်ခုသို့ပြောင်းသွားလေသည်။
တွေးမိသည်မှာ ထိုတင်းကြပ်ပြင်းထန်သော အမိန့် (စည်းကမ်း) များနှင့် ထူးချွန်သောကျောင်းသားများ မွေးထုတ်ရေးမှာ သက်ဆိုင်ပါ၏လော။ ပညာကိုလိုချင်အောင် ၊ စာကြိုးစားချင်စိတ်များဖြစ်လာအောင် သင်ကြားပေးရာတွင် ထိုအရာများက မည်သို့အထောက်အကူပြုနေပါသနည်း။ အသက် ၁၄ နှစ် ၁၅နှစ် အရွယ်လူငယ်များအား ဖိအားများပေး၍ ပုံစံခွက်ထဲအတင်းသွင်းနေခြင်းသည် ထိုလူငယ်များ၏စိတ်ဓာတ်ကို ထိခိုက်လာနိုင်သည်။ ပုံစံခွက်ထဲတွင် ပုံသေနည်းများစွာဖြင့် ကြီးပြင်းလာသူအတွက် အပြင်လောကနှင့် အလိုက်သင့်နေနိုင်ရန် မလွယ်ကူနိုင်ပါ။ လူသည် လူသာဖြစ်ပါသည်။

လင်းရိပ်ဝေ - ၂၀၀၆ - သြဂုတ်လ

စည်းကမ်း

တစ်ခါက ကျောင်းတစ်ကျောင်းတွင်ဖြစ်သည်။ ထိုကျောင်းရှိကျောင်းအုပ်သည် စည်းကမ်းကြီးသည်ဟု နာမည်ကြီးသည်။ ထိုကျောင်းသည် ကျောင်းတက်ချိန် နံနက် ၈ နာရီမှစ၍ နေ့လည်ထမင်းစားကျောင်းဆင်းချိန်အထိ ကျောင်းဝင်းတံခါးကိုပိတ်ထား၏။ ထိုအချိန်အတွင်း မည်သူမျှဝင်ထွက်ခွင့်မရှိဟု အမိန့် (စည်းကမ်းဟုခေါ်နိုင်မည်လားတော့ မသိပါ) ထုတ်ထားသည်။ တစ်ရက်တွင် ကျောင်းတံခါးပိတ်သွားပြီဖြစ်သည့်အတွက် နောက်ကျသောကျောင်းသားများ ကျောင်းရှေ့လက်ဖက်ရည်ဆိုင်များတွင် (ပျော်ပျော်ပါးပါး) ထိုင်နေကြသည်။ ထိုအချိန်တွင် ဆရာတစ်ရောက် ကျောင်းရှေ့တွင် ဟိုသည်ကြည့်လျှက်ရှိနေသည်။ ကြည့်ရသည်မှာ ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ရန်ကြိုးစားနေပုံရ၏။ ထို့နောက် ရုတ်တရက် ကျောင်းအုတ်နံရံကို လွှားကနဲကျော်ကာ ကျောင်းထဲသို့ရောက်သွားလေသည်။
ထိုမြင်ကွင်းမှာ မြင်လိုက်ရသော ကျောင်းသားများအတွက် တစ်မျိုးကြီးဖြစ်နေ၏။ ကျောင်းသားများ၏စိတ်ထဲတွင် ထိုဆရာအား စည်းကမ်းကိုချိုးဖောက်သော ဆရာတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြလျှင် ရေရှည်တွင် ကျောင်းသားနှင့်ဆရာတို့၏ဆက်ဆံရေးမှာ ရင်လေးဖွယ်ရာပင်။
စဉ်းစားစရာများရှိလာပါသည်။ ဆရာသည်ကျောင်းသားမဟုတ်ပါ။ ကျောင်းသားသည်လည်းဆရာမဟုတ်ပါ။ ဆရာနှင့်ကျောင်းသားကို တန်းတူထား၍အမိန့်(စည်းကမ်း)ထုတ်ထားလျှင် သင့်တော်ပါမည်လော။ ဆိုလိုချင်သည်မှာ ကျောင်းသားတစ်ယောက် နောက်ကျ၍ကျောင်းမတက်နိုင်လျှင် သူတစ်ဦးသာ ထိခိုက်နိုင်သည်။ ဆရာတစ်ယောက်ကျောင်းဝင်းထဲဝင်မရ၍ စာမသင်နိုင်ပါက ဆရာရောကျောင်းသားပါ ထိခိုက်မည်သာ။ တင်းကြပ်တိုင်းလည်း စည်းကမ်းကောင်းသည်ဟု မသတ်မှတ်နိုင်ပါ။ အလယ်အလတ်လမ်းစဉ်သာလျှင် အောင်မြင်နိုင်ပါသည်။ ။


လင်းရိပ်ဝေ - ၂၀၀၆ - သြဂုတ်လ

Friday, August 25, 2006

အနုအရင့်

ထီးတစ်ချောင်းနဲ့ လမ်းလျှောက်ထွက်နိုင်ဖို့
ထီးတစ်ချောင်းရှိဖို့တော့ လိုမယ်တဲ့။
ဒါပေမယ့် ဖြစ်နိုင်ရင်တော့
အရေခွံမပါတဲ့ နွေးထည်အစုတ်တစ်ထည်နဲ့
ခရီးသွားကြည့်ချင်တယ်။

ရေဆိုတာရှိလို့ ရေတွေကြီးတယ်
လေဆိုတာရှိလို့ လေမုန်တိုင်းတွေတိုက်ကြတယ်
လူဆိုတာရှိနေလို့လည်း လူတွေတိုက်ခိုက်ကြတာမဆန်းဘူးတဲ့။
တစ်ခါမှမရူးဘူးသေးတဲ့ အရူးတစ်ယောက်ရဲ့သီအိုရီတွေနဲ့
တစ်ခါတစ်လေ ရူးကြည့်ချင်သေးတယ်။
တစ်ချို့က ပါးစပ်တွေနဲ့နားထောင်ပြီး
နားရွက်တွေနဲ့စကားပြောနေကြရဲ့။
ဒါနဲ့များသူတို့ကိုယ်သူတို့
လူရယ်လို့ အမွှန်းတင်ကြည့်ချင်သေးတယ်။

အဲဒီနေ့တစ်ဓူဝ တွေ့နေရတဲ့မျက်နှာဖုံးတွေကို
ဘာသာပြန်ကြည့်ဖို့လည်းကြိုးစားဖူးပါရဲ့။
နာရီလက်တံတွေ အိုမင်းလာခဲ့တော့
အဲဒီအတွေးတွေလည်း အိပ်မောကျသွားပြီပေါ့။
ဒီလိုနဲ့ပဲ
ဖန်မီးအိမ် ခပ်နွမ်းနွမ်းတစ်ထည်ကိုခြုံပြီး
လူပြောများတဲ့ ပင်လယ်ကြီးထဲမှာ
လက်ပစ်ကူးနေရဦးမှာပါ။ ။

လင်းရိပ်ဝေ - ၂၀၀၆ - သြဂုတ်လ